head

Saturday, 1 November 2008

မဟာဇနက နှင့် နတ်သမီးအမေးအဖြေ

နတ်သမီးအမေး

အပြောကျယ်လှတဲ့ ဒီသမုဒ္ဒရာ အလယ်မှာ ဘယ်လိုမှန်းကြည့်လို့မှ ကမ်းကို မမြင်နိုင်ပါဘဲနှင့် ရဲရဲစူးစူး ကူးနေတာ ဘယ်သူလဲ၊ တစ်ဖက်ကမ်းကို မရောက်နိုင်တဲ့ဒီမဟာသမုဒ္ဒရာ ကြီးထဲမှာ အပင်ပန်းခံပြီး ကူးနေလို့ ဘာအကျိုး ထူးမှာလဲ၊ သင့် ဆန္ဒ ပြည့်မယ် ထင်လို့များ သင်ဒီလိုမရပ်မနား ကူးနေတာလား၊ သင်ဒီလိုကူးနေလို့ ဘာအကျိုး ထူးမှာလဲ။

ဇနက အဖြေ

လောကမှာ ဒီလိုလုပ်ရင် ဒီအဖြစ်မျိုးဖြစ်တယ်။ ဒီလိုလုပ်ရင် ဒီအပြစ်က လွတ်တယ်ဆိုတဲ့ သဘော တရား မျိုးရှိပါတယ်။ ဒီအလုပ်မျိုးလုပ်ရင် ပစ္စုပန် မျက်မှောက်မှာ အကျိုးရှိတယ်။ ဒီအလုပ်မျိုးလုပ်ရင်တော့ သံသရာမှာပါ အကျိုးရှိတယ်ဆိုတဲ့ လူတွေကျင့်အပ်တဲ့အကျင့် စရိုက်တွေလည်းရှိပါတယ်။ ပြီးတော့ ပစ္စုပ္ပန်သံသရာတစ်ခါ မျက်မှောက် မျက်ကွယ် အပြစ်လွတ်အောင် ယောက်ျားတွေဟာ ကောင်းစွာ အားထုတ်သင့်တယ်ဆိုတဲ့ လူ့သဘော မျိုးလည်း ရှိပါတယ်။ ဒီလို ကောင်းစွာ အားထုတ်သင့်တဲ့ ယောက်ျား တို့ရဲ့ လုံ့လဟာ အကျိုးမရှိဘူးဆိုတာတော့ မရှိပါဘူး။ ဒီလို အားထုတ် လို့ရှိရင် ပစ္စုပ္ပန်သံသရာ တစ်ခုခုမှာ သုခချမ်းသာကို မလွတ်တမ်း မုချခံစားရမှာပဲလို့ ငါဟာ ဆင်ခြင်တွေးမြင် ခဲ့တဲ့လူပါ။ ဒါကြောင့် ဒီအပြောကျယ်လှတဲ့ သမုဒ္ဒရာထဲမှာလည်း ငါဟာယောက်ျားတို့ရဲ့လုံလကို မလျော့ဘဲ နှင့်ကူးတယ်။ အားထုတ်ခြင်းဟာ အကျိုးမဲ့ မဖြစ်ဘူးလို့ ငါယုံကြည် တယ်၊ ဒီတော့ ကမ်းကို မမြင်ရုံအကြောင်းလောက်နှင့် ငါဟာ ဘာဖြစ်လို့ ယောက်ျားတို့ရဲ့ ဇွဲလုံ့လကို လျော့ရမှာလဲ၊ ကမ်းကိုမြင်မြင် မမြင်မြင် အကျိုးကို မြင်လို့ ငါကူးတယ် လို့ဆိုလိုက်ပါတယ်။

နတ်သမီးအမေး

လုလင်ပျို ယောက်ျားတို့ရဲ့လုံ့လဟာ အကျိုးရှိဖို့အကြောင်းသာဖြစ်တယ် ဆိုတဲ့သင်ပြောတဲ့စကားဟာ တခြား ကိစ္စမှာ တော့ မှန်ချင်မှန်လိမ့်မယ်၊ အစောက်ပြောအားဖြင့် မရေတွက်နိုင်အောင် ကျယ်ပြောလှတဲ့ ဒီမဟာသမုဒ္ဒ ရာကြီးထဲမှာ ပျက်စီးခြင်းကိုသာ မုချရောက်မှာ မလွဲဘူး၊ သင်ကြိုးစားနေလည်း အပိုပဲ၊ အချည်းနှီး ဖြစ်ပြီး ကိုယ်ပင်ပန်းတာပဲ အဖတ် တင်မယ်မဟုတ်လား၊

ဇနကအဖြေ

နတ်သမီး .. ကမ်းကိုမရောက်လို့သေရင်လည်း အပြစ်ကင်းအောင်သေမယ်၊ ယောက်ျားဖြစ်ပြီး လုံလကို မပြုဘဲ အသေခံ သွားတယ်လို့တော့ အကဲ့ရဲ့မခံဘူး၊ လုံ့လမပြုမိလို့ သေရတယ် ကိုယ့်ကိုယ်ကိုယ် နောင်တရအောင်လည်း ငါမလုပ်ဘူး၊ ဒါကြောင့် သေချင်သေ၊ နောင်လူတို့ အပြစ်တင်လွတ်ရစ်အောင် ငါလုံလပြုတယ်။

နတ်သမီးအမေး

မင်းသား .. လူတွေဟာ လုံ့လမပြုအပ်တဲ့ကိစမှာ လုံ့လပြုလို့ရှိရင် လုံ့လပြုမှားတယ်လို့ ဆိုရပါလိမ့်မယ်၊ ဒီလို လုံလမျိုးဟာ အရာမကျတဲ့အတွက် လိုအပ်တဲ့ကိစ္စလည်းမပြီးဘူး၊ မတော်ရင် သေရင်သေမယ်၊ ကိုယ်စိတ် ပင်ပန်းမယ် ဆင်းရဲမယ်၊ ပရိတ်သတ်အလယ်မှာ အရှက်သော်လည်းရမယ်၊ ခုမင်းသားလည်း ကမ်းမမြင်တဲ့ သမုဒ္ဒရာမှာ ကူးနေတာဟာ နေရာကျ တဲ့ လုံ့လလို့ ဆိုနိုင်မလား ..

ဇနကအဖြေ

နတ်သမီး .. ငါယခုသမုဒ္ဒရာကို လက်ပစ်ကူးသလို လူတွေမှာ ဆောင်ရွက်လို့မပြီးနိုင်တဲ့ ကိစ္စကြီးငယ် ရှိတဲ့အခါ ငါဟာ ဘယ်လောက် လုပ်နေ လုပ်နေ ပြီးမှာမှ မဟုတ်တာလို့ ဆိုပြီး လုံ့လကိုလျှော့မယ်၊ မလုပ်ဘဲနေမယ်လို့ ဆိုရင်ပဲ ဖြစ်ဖြစ်၊ ကံကြမ္မာအတိုင်းသာ ဖြစ်ပါစေတော့လို့ဆိုပြီး နေရာတကာမှာ ကြမ္မာကို ပုံချပြီး လုံ့လမပြုဘဲ နေရင်ပဲဖြစ်ဖြစ် လူ့ကိစ္စကို မပြောပါနှင့်၊ လောကမှာ တိရိစ္ဆာန်ကို စောင့်ထိန်းတဲ့လူတောင် ပြင်းပြတဲ့ကိစ္စတွေမှာ ငါမွေးထားတဲ့ တိရိစ္ဆာန်တွေ သက်သာပါစေတော့ဆိုတဲ့ စိတ်နဲ့ သက်သာရာ သက်သာကြောင်း ပြုလုပ်ဆောင်ရွက်မပေးဘဲနှင့် ပစ်ထားမယ်လို့ ဆိုရင်ပဲ ဖြစ်ဖြစ် .. အဲဒီလူကို လောကက လူပျင်း လူတန်လို့ဆိုပြီး အပြစ် မတင်ကြပေဘူးလား ..

ကိုယ့်ဆီ ရောက်ပြီး ရင်ဆိုင်ရတော့မယ်ကိစ္စဖြစ်လာမှတော့ တန်တန် မတန်တန်၊ ရာရာ မရာရာ ဒါတွေပြောနေ လို့လည်း ဖြစ်တာမှ မဟုတ်တာ၊ အောင်တာမအောင်တာလည်း အပထား၊ လုံ့လကိုတော့ မလျှော့ထိုက်ဘူး၊ ကိုယ်တတ်နိုင် သလောက်တော့ ဆောင်ရွက်ကြရမှာပဲ။

ခုသင်နတ်သမီး ပြောနေတဲ့ စကားဟာ လောကမှာ လူပျင်း၊ လူတန်တွေ ပြောနေတဲ့ စကားမျိုးဖြစ်နေတယ်၊ ဒီ စကားမျိုးကို နတ်သမီးမပြောသင့်ဘူးလို့ ထင်ပါတယ်။

နတ်သမီး ဒီလောကမှာ ရှေးကုသိုလ်ကံ ဖွံ့ဖြိုးလွန်းတဲ့ လူဟာ ကိုယ်နှင့် ထိုက်တန်တဲ့အလုပ်မှန်သမျှကို ဆောင်ရွက် လိုသည်ဖြစ်စေ၊ မဆောင်ရွက်လိုသည်ဖြစ်စေ ကိုယ်အလိုဆန္ဒ ပြည့်မယ်လို့ အမှန်သိရင် ပျင်းရိနေလို့ ဖြစ်ပါ့မလား၊ ကောင်းမြတ်တဲ့ လုံ့လကို ကိုယ်နှင့် လုပ်သင့်ရင်ကိုယ်၊ နှုတ်နဲ့ဆောင်ရွက်သင့်ရင် နှုတ်၊ စိတ်နှင့် ကြံသင့်ရင် စိတ်အားဖြင့် ပြုလုပ်အားထုတ်ရမှာ မဟုတ်လား၊

လောကမှာ လုံ့လပြုရင်းသေသွားရတဲ့ အဖြစ်ဟာလောကရဲ့ ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်းက လွတ်တယ်ဆိုတဲ့ အတွေး အမြင် (ဒဿန) ကိုပေးတဲ့ မဟာဇနက ရဲ့ စကားဟာ မှတ်သားဖွယ်ကောင်းလှပါတယ်။

ကျနော် ဖတ်ဖူးတဲ့ ဦးဆန်းလွင်ရေးတဲ့ ရွှေတောင်တက်ဒဿန စာအုပ် ထဲကစာသားလေးတွေပါ .. လောကမှာ ယောက်ျား၊ မိန်းမ မှမဟုတ်ပါဘူး .. မိမိလိုရာရောက်အောင် ကောင်းမြတ်ဖြောင့်စင်းတဲ့ လုံ့လနှင့် ပြည့်စုံသူတိုင်းဟာ အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို မလွဲမသွေရောက်ကြရမှာပါ ..

Under My Umbrella

w

fall 1